Skip to main content

စာချုပ်သစ်ကို ငြင်းဆန်ပယ်ချပြီး အသင်းပြောင်းခွင့်ပေးရန် စီရော်နယ်ဒို တောင်းဆို

စာချုပ်သစ်ကို ငြင်းဆန်ပယ်ချပြီး အသင်းပြောင်းခွင့်ပေးရန် စီရော်နယ်ဒို တောင်းဆို

ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုသည် အသင်းနှင့်စာချုပ်သစ်လက်မှတ်ရေးထိုးတော့မည်မဟုတ်ကြောင်း အတိအလင်း အသိပေးထားပြီဖြစ်ပြီး သင့်တင့်မျှတသည့် ပြောင်းရွှေ့ကြေးတစ်ရပ်ရရှိပါက ၎င်းကို ရောင်းထုတ်ပေးပါရန်လည်း စီရော်နယ်ဒိုက တောင်းဆိုထားပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
မက်ဒရစ်၊ နိုဝင်ဘာ ၁၅

စီရော်နယ်ဒိုသည် လက်ရှိဘောလုံးရာသီတွင် လာလီဂါ၌ အသင်းအတွက် ပွဲစဉ်ခုနစ်ပွဲ ပါဝင်ကစားခွင့်ရရှိခဲ့ရာ၌ သွင်းဂိုးတစ်ဂိုးတည်းသာ ရယူပေးနိုင်ခဲ့ပြီး ယင်းအချက်ကြောင့် ရီးရဲလ်မက်ဒရစ်ပရိသတ်များ၏လှောင်ပြောင်ခြင်းဖြင့်လည်း ၎င်းက ရင်ဆိုင်နေရပြီဖြစ်သည်။

အသက် ၃၂ နှစ်အရွယ်ရှိ စီရော်နယ်ဒိုသည် လက်ရှိဘောလုံးရာသီပြီးဆုံးချိန်တွင် ၎င်းကို ရောင်းထုတ်ပေးပါရန် ဥက္ကဋ္ဌပီရက်ဇ်ကို တရားဝင်ပြောကြားထားပြီးဖြစ်သည်ဟုလည်း ဆက်စပ်သတင်းများ ထွက်ပေါ်နေပြီး အကယ်၍ ပီအက်စ်ဂျီတိုက်စစ်မှူး နေမာကို ခေါ်ယူရရှိနိုင်မည်ဆိုပါက စီရော်နယ်ဒိုကို ယင်းအပြောင်းအရွှေ့အတွက် အစိတ်အပိုင်းတစ်ရပ်သဖွယ် ရီးရဲလ်မက်ဒရစ်က အသုံးပြုလိုက်နိုင်သည်ဟု သုံးသပ်ချက်များလည်းရှိနေသည်။

စီရော်နယ်ဒိုနှင့် ရီးရဲလ်မက်ဒရစ်အသင်းအကြားတွင် ချုပ်ဆိုထားသောစာချုပ်သည် လာမည့် ၂၀၂၁ ခုနှစ်သို့ ရောက်ရှိမှသာ သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌ ပီရက်ဇ်နှင့် နည်းပြ ဇီဒန်းတို့မှာ စီရော်နယ်ဒို၏တွဲဖက်တစ်ဦးဖြစ်သူ တိုက်စစ်တောင်ပံကစားသမား ဂါရတ်ဘေးလ်ကိုမူ ဈေးလျှော့ရောင်းထုတ်လိုက်ရန်အထိ စိတ်ကူးရှိနေကြပြီဖြစ်သည်။

ရီးရဲလ်မက်ဒရစ်သည် ဂါရတ်ဘေးလ်၏တန်ကြေးကို ပေါင် ၈၅ သန်း သတ်မှတ်ထားသော်လည်း ၀ယ်လက်များဘက်က တရားဝင် ကမ်းလှမ်းဆက်သွယ် ဆွေးနွေးပါက ပေါင် ၆၉ သန်းဝန်းကျင် ရရှိရုံမျှဖြင့် ရီးရဲလ်မက်ဒရစ်က ဂါရတ်ဘေးလ်ကို လက်လွှတ်ပေးလိုက်မည့်အခြေအနေများရှိနေသည်။

Comments

Popular posts from this blog

NCA ရေးထိုးရန် အစိုးရတိုက်တွန်းသော်လည်း FPNCC မူအတိုင်းသာ ဆက်သွားမည်ဟု '၀' အဖွဲ့ဆို

တပ်မတော်ထုတ်ပြန်ချက် HRW လက်မခံ

ကျောင်းသူကျောင်းသားများ တက်တူးမထိုးကြဖို့ တောင်ကြီးမြို့ အထက ၅ ကျောင်းအုပ်ကြီးပြော