အီရန်နှင့် အီရတ် နယ်စပ်တွင် အင်အားပြင်း ငလျှင်ကြီး လှုပ်ခတ်၊ ရာနှင့်ချီ သေဆုံးပြီး ထောင်နှင့်ချီ ဒဏ်ရာရ
အီရန်နှင့်အီရတ်အကြား မြောက်ပိုင်းနယ်စပ်ဒေသတွင် ပြင်းအား ၇ ဒသမ ၃ အဆင့်ရှိ ငလျှင် လှုပ်သွားသောကြောင့် အနည်းဆုံးလူ ၃၃၀ ခန့် သေဆုံးခဲ့ပြီး လူ ၄၅၀ဝ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု BBC သတင်းတွင်ဖော်ပြထားသည်။
တီဟီရန်-ဘဂ္ဂဒက်၊ နိုဝင်ဘာ ၁၃
အီရန်နှင့်အီရတ်အကြား မြောက်ပိုင်းနယ်စပ်ဒေသတွင် ပြင်းအား ၇ ဒသမ ၃ အဆင့်ရှိ ငလျှင် လှုပ်သွားသောကြောင့် အနည်းဆုံးလူ ၃၃၀ ခန့် သေဆုံးခဲ့ပြီး လူ ၄၅၀ဝ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု BBC သတင်းတွင်ဖော်ပြထားသည်။
အီရန်အနောက်ပိုင်း ကာမာရှား ပြည်နယ်တွင် အနည်းဆုံး ၁၆၄ ဦး သေဆုံးသွားသည်ဟု တာဝန်ရှိသူများက ပြောကြားသည်။
အီရတ်တွင် ခြောက်ဦးထက်မနည်း သေဆုံးခဲ့ပြီး သေဆုံးမှု အရေအတွက် တိုးလာဖွယ်ရှိသည်။
နောက်ဆက်တွဲ ငလျှင်လှုပ်မည်ကို စိုးရိမ်ရသောကြောင့် လမ်းများပေါ်သို့ လူများ ထွက်လာကြသည်ဟု သိရှိရသည်။
သေကျေထိခိုက်မှုအများစုမှာ နယ်စပ်မှ ၁၀ မိုင်ခန့်ဝေးသော ဆာပိုဇာဟတ်မြို့တွင် ဖြစ်ပွားခဲ့သည်ဟု အီရန် အရေးပေါ် ကယ်ဆယ်ရေးဌာန အကြီးအကဲ ဟူစိန်ကူလီဗန်က ပြောကြားသည်။ မြေပြိုမှုများကြောင့် ကယ်ဆယ်ရေး လုပ်ငန်းများ နှောင့်နှေးနေသည်ဟု ဆူလီဗန်က ပြောကြားသည်။
၎င်းမြို့ပေါ်ရှိ အဓိကဆေးရုံမှာ ဆိုးဆိုးဝါးဝါး ပျက်စီးသွားသောကြောင့် ရာပေါင်း များစွာသော ထိခိုက်ဒဏ်ရာ ရသူများကို ကိုင်တွယ်ရန် ခက်ခက်ခဲခဲ ရုန်းကန်နေရသည်ဟု အီရန်ရုပ်သံက ကြေညာသွားသည်။
ငလျင်ဒဏ်ကြောင့် အနည်းဆုံး ကျေးရွာ ၈ ရွာ ပျက်စီးသွားသည်ဟု အီရန် လခြမ်းနီအသင်း ဥက္ကဋ္ဌ မော်တီဇာဆလင်က ပြောကြားသည်။ အချို့ကျေးရွာများတွင်လည်း လျှပ်စစ်ဓာတ်အားလိုင်းများနှင့် တယ်လီဖုန်း ဆက်သွယ်ရေး စနစ်များ ပြတ်တောက်သွားသည်ဟု ၎င်းကဆိုသည်။
အီရတ်ဖက်ခြမ်းတွင်မူ ကာဒစ်စတန်ဒေသ မြို့တော် ဆူလိုင်မာနီယာ၏ အရှေ့ဘက် ၄၇ မိုင်အကွာရှိ ဒါဗင်ဒီခန်မြို့တွင် အများဆုံး ထိခိုက်ပျက်စီးခဲ့သည်။
“အဲဒီမှာ အခြေအနေက တော်တော် ဆိုးတယ်”ဟု ကာဒစ်ကျန်းမာရေးဝန်ကြီး ရီကော့ဟာမာရာရှစ်က ပြောကြားသည်။
ငလျှင်သည် အီရန် အရှေ့မြောက်ပိုင်း နယ်စပ်အနီး ဟာလာဂျာ၏ အနောက် တောင်ဘက် ၁၉ မိုင်အကွာ နေရာကို ဗဟိုပြု လှုပ်ခတ်သွားသည်ဟု အမေရိကန် ဘူမိဗေဒဌာနက ထုတ်ပြန်သည်။
မြေအောက်အနက် ၂၁ မိုင်တွင် ဖြစ်ပေါ်သော ငလျင်ဒဏ်ကြောင့် တူရကီ၊ အစ္စရေးနှင့် ကူဝိတ်နိုင်ငံတို့တွင်လည်း တုန်ခါမှုများကို ခံစားကြရသည်။
F-04
Comments
Post a Comment